Sunday, December 23, 2018

တိတ်ဆိတ်သူ

 ညစ်လုံးနှင့် အကောက်ကြံ
ဖောက်ပြန်ကာ သူတွေး
ငြိမ်ငြိမ် ကလေးး။

Thursday, December 20, 2018

စိတ်

တခါတခါဆို
တခါတခါမို့ တော်သေးရဲ့
တခါတခါဆို
အခါများစွာ ဖြစ်ချင်မိ
တခါတခါ မြူးလို့
တခါတခါ ညစ်ညူးလို့
တခါတခါဆို
တယောက်ယောက်ဆီ
စိတ် ညွတ်လို့
တခါတခါဆို
အရညဝါသီ ဧကစာရီ။

အရညဝါသီ = အရင်ဉဝါသီ ဟု အသံထွက်


Sunday, November 25, 2018

ချောင်းခြားတေး 
•••••••••••••••
#ခင်မြဇင်

လက်ဖက်ရည် ဆိုင်ကလေးက မြစ်ကမ်းပေါ် မေးတင်လျက် ဆောက်ထားသည်။ လက်ဖက်ရည်ဆိုင်၏ ဆိုင်တစ်ပိုင်းက ရေထဲမှာ။ လက်ဖက်ရည် ဆိုင်ကလေးထဲတွင် မီးရောင်ကြောင့် နွေးထွေး နေသော်လည်း ပတ်ဝန်းကျင်မှာ စိမ်းမှောင်၍ အေးနေသည်။ မြစ်ရေ၏ ရေရောင် လက်လက်ကို မြင်ရသည်။ 

ညဥ့်လေအေးသည် လက်ဖက်ရည် ဆိုင်ကလေးထဲသို့ တသွင်သွင် စီးဆင်းလာသည်။ 
သားကလေးက နှာချေလိုက်သည်။ ခေါင်းစွပ် အနွေးထည်အင်္ကျီ ထူထူထဲထဲ လုံလုံခြုံခြုံလေး ဝတ်ထားသည့် ကြားက လေအေးကြောင့် နှာစေးပြီ ထင်သည်။ 

တစ်ဖက်ကမ်းမှာ မီးရောင်တွေ လင်းလျက် ရထားတွဲရှည်ကြီး တစ်စင်း တဝုန်းဝုန်း ခုတ်မောင်းလာသံ ကြားရသည်။ 

စောစောက မျက်တောင်လေး စင်းကာ ကျွန်မ လက်မောင်းပေါ် ခေါင်းတင် မှေးနေသည့် သားလေး ခေါင်းထောင်လာသည်။ တက်ကြွသော အသံစူးစူးကလေးဖြင့်- 

“ရထား လာပြီ မေမေ”

ရထားမောင်းနှင်သည့် အရှိန်နှုန်းနှင့် မီးရောင်များ လင်းပုံ၊ တွဲထဲက လူရိပ်မည်းမည်းများကိုပင် သည်ဘက်ကမ်းက မြင်ရပုံ ထောက်လျှင် ပဲခူး လော်ကယ်ရထား မဖြစ်နိုင်။ 

“အမြန်ပါ”

ဘေးမှ တစ်ယောက်၏ ပြောသံ ကြားလိုက်သဖြင့်- 

“အမြန်ကြီးတဲ့ သားလေးရဲ့”
“ဟင်… ဟုတ်ပါဘူး မေမေကလည်း” 

ပြန်ပြောရင်း သားလေးက- 
“ဖေဖေ လာပြီ၊ ဖေဖေ လာပြီ” 

လက်ခုပ်ကလေး တီးပြီး ခုန်ဆွခုန်ဆွ လုပ်နေသည်။ သူ့အဖေ ပါလာမည့် ရထား မဟုတ်သေးပါဘူး ဆိုတာကို မယုံ။ တစ်ဖက်ကမ်း တံတားဆီသို့ စူးစူးစိုက်စိုက် ကြည့်နေသည်။ 

ည (၁ဝ) နာရီ ထိုးတော့မည်။ 

တစ်ဖက်ကမ်း ကွင်းပြင် နှင်းတောကို ဖြတ်သန်းလာသည့် ဆောင်းလေသည် မြစ်ပြင်၏ အအေးဓာတ်ကိုပါ သယ်လာသဖြင့် အေးစက် စူးရှနေသည်။ သားလေး၏ လက်ကလေးတွေ၊ ခြေလေးတွေများ အေးလို့ဘနေပြီလား။ စောစောက ကျွန်မ ကိုယ်ပေါ်တွင် ပါးကလေးတွေ အေးလာသဖြင့် ကျွန်မ လက်ဖဝါးဖြင့် အုပ်ပေးထားခဲ့ရသည်။ သားလေး မျက်လုံးတွေ လက်လက်ကြည်ကြည် စူးစူးဖြင့် တစ်ဖက်ကမ်းဆီသို့ မျှော်လင့်တကြီး လှမ်းကြည့်ဖို့ ကျွန်မ ကိုယ်ပေါ်မှ ဆင်းပြီး မြူးကြွစွာ ခုန်ပေါက်လို့ နေသည်။ ဒါပေမဲ့ တစ်ဖက်ကမ်းဆီသို့ ရွေ့လျားလာသော လက်နှိပ်ဓာတ်မီးရောင်များကို မမြင်ရ။ ရထားကလည်း မရပ်မနား။ 

“ဟော … မရပ်ဘူး သားလေးရဲ့၊ ဟိုမှာ ဆက်မောင်းသွားပြီ တွေ့လား”

ရထားသည် တဝုန်းဝုန်း တဝေါဝေါ အသံဆူလျက်ကပင် လင်းကျင်းသော မီးရောင်များနှင့်အတူ အမှောင်ထုကို ခွင်းလျက် ဆက်လက် ခုတ်မောင်းသွားသည်။ တောအုပ် မည်းမည်းစုစု ကလေးဆီက မီးရောင်ပျပျလေး ထွက်နေသည့် နေရာကလေးမှာ ဘူတာရုံကလေးဟု ကျွန်မ သိထားသဖြင့် ကျွန်မသည်လည်း ရင်မောသွားရတာ အမှန်။ ရွေ့လျားနေသော အလင်းစက်များနှင့် အသံရှိန်ပြင်းသော ရထားသည် လော်ကယ်ရထား မဖြစ်နိုင်မှန်း သိထားပါလျက် သားနှင့်အတူ မျှော်လင့်နေမိ လိုက်သေးသည်။ တောအုပ်မည်းမည်းလေး ဆီမှ ရထားက လုံးဝရပ်နားခြင်း မရှိခဲ့။

လူကလေးသည် ရပ်နားခြင်း မရှိဘဲ ဆက်မောင်းသွားသော ရထားကြီးကို မျက်စိတစ်ဆုံး ငေးကြည့်နေသည်။ ညနေ ကျောင်းဆင်း ကတည်းက- 

“ဖေဖေ လာပြီလား မေမေ”

တစ်မေးတည်း မေးနေခဲ့သည်။

သည်နေ့ သောကြာနေ့၊ သူ ရောက်လာတော့မည်။ ကျွန်မ ရင်ထဲမှာလည်း တွေးရုံနှင့် နွေးသွားတတ်ခဲ့သည်။ သားသာ မဟုတ်၊ ကျွန်မလည်း သူအလာကို စောင့်ကြိုချင်ခဲ့သည်။ သားလေးက ညစာကိုပင် ဖြောင့်ဖြောင့်မစား။ 

“ဖေဖေ လာတော့မှာ မေမေရဲ့၊ ရထားက အရမ်းစောပြီး ရောက်လာရင် ဘယ်လို လုပ်မလဲ”
“သူ့ဘာသာ လာပစေပေါ့ကွာ” 

ကျွန်မ အိုးခွက်တွေ တိုက်ချွတ်ဆေးကြော သိမ်းဆည်း နေတာကိုပင် သားက စိတ်မရှည်။ 

“မေမေကလည်း မြန်မြန် လုပ်ပါဗျ၊ သားက ကြိုချင်လှပြီ” 

ကျွန်မတို့ အိမ်တံခါး ပိတ်ပြီး ထွက်လာတော့ ည (၇) နာရီခွဲ သာသာပဲ ရှိသေးသည်။ မြို့ကလေး၏ မြို့လယ်လမ်း ဖြစ်သော ပဲခူးလမ်းမှာ လူသွားလူလာ မပြတ်လှ။ ဗွီဒီယိုရုံကလေး ဆီမှာ လူတွေက စုစု စုစု။ ရုံထဲဝင်ဖို့ စောင့်ဆိုင်းဘနေကြဟန် တူသည်။ 

“ဒီသားအမိ နှစ်ယောက် ဘယ်ကိုလဲ၊ ဗွီဒီယို ကြည့်မလို့လား”

အသိ တစ်ယောက်က လှမ်းနှုတ်ဆက်သည်။

“မကြည့်ပါဘူး၊ ကမ်းနား သွားမလို့”

ကျွန်မ စကား ရပ်ပြောနေသော အချိန်ကလေးကိုပင် သားလေးက စိတ်မရှည်၊ လက်ကို အတင်းဆွဲကာ- 

“မေမေကလည်း စကားပဲ ပြောနေတာပဲ”

မကျေမနပ် ဆိုနေပြန်သည်။

“သားရ … ရထား မလာသေးပါဘူး”

အသိဖြစ်သူက ပြောသော်လည်း မရ။ ကျွန်မမှာ အသိကို နှုတ်ဆက်ရင်း သား ဆွဲခေါ်ရာနောက် သွက်သွက်လေး လိုက်ခဲ့ရသည်။

ရထားက မြို့ကလေး၏ မြစ်တစ်ဖက်ကမ်း လယ်ကွင်းပြင်တွေ ခြားသော ထုံးကြီးဘူတာမှာ ဆိုက်မှာ ဖြစ်သည်။ ဘူတာနှင့် ကမ်းနားက တစ်မိုင် ဝေးသည်။ သားကသာ စိတ်စောနေသည်။ ရထားက ဘယ်အချိန် ဆိုက်မည် မသိ။ အမြန်ရထား ဘယ်နှစီးကို ရှောင်ရမည် မသိ။ ရထား ရှောင်ရလျှင် နောက်ကျတတ်သည်။ လက်ဖက်ရည် ဆိုင်ကလေးထဲမှာ လာသာဘစောင့်ရသည်။ ညဥ့်နက်လေ လေက အေးလေမို့ အဆုတ်ရောဂါဆေး စားနေရသော လူကလေး အအေးမိပြီး ဖျားမှာကိုလည်း စိုးရိမ်မိနေသည်။ 

ဒီရေက တက်သဖြင့် မြစ်ထဲက လှိုင်းတွေ တရိပ်ရိပ် ပြေးခုန်နေသည်။ လတစ်ခြမ်းသည် နီကြင်ကြင် လင်းလျက်။ မြစ်ထဲတွင် လရိပ်ကြောင့် နီကြင်ကြင် လင်းလက်နေသော လှိုင်းတို့ ပြေးခုန်နေကြပုံမှာ ရင်ထိတ်စရာ။ ရေသံကလည်း တဝေါဝေါ မြည်လျက်။ ရထား လာစောင့်နေသူ တချို့ ပြန်ကြပြီ။ 

“သားရေ … ပြန်ကြစို့ကွာ” 

သည်အချိန် ပြန်လျှင်တော့ ဗွီဒီယိုပြန်တွေနှင့် ရောလိုက်သွားလို့ ရလိမ့်မည်။ လူပြတ်သော လမ်းပေါ်မှာ သားအမိ နှစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် ခပ်သုတ်သုတ် လျှောက်စရာ လိုမှာ မဟုတ်။ 

“ဟင့်အင်း … မေမေကလည်း ဖေဖေ လာတဲ့အထိ စောင့်မှာပဲ”

သားက ဇွတ်တင်းလို့ နေသည်။ 

“မေမေကလည်း ဘာလို့ ဒီကို ပြောင်းလာရတာလဲ၊ သားက ဖေဖေရယ်၊ မေမေရယ်၊ တူတူနေချင်တဲ့ ဥစ္စာ” 

သား ခဏ ခဏ ပြောတတ်သည်။ 

“မဖြစ်လို့ပေါ့ သားရယ်” 

‘မဖြစ်လို့’ ဆိုသည့် အဓိပ္ပါယ်ကို သား နားမလည်။ သူ ကျောင်းစနေရပြီ။ စာကို စိတ်မဝင်စားသေး။ ကစားပဲ ကစားလို့သာ နေချင်သည်။ သုံးယောက်တည်း ရှိတဲ့ မိသားစုလေး တကွဲစီ နေရပြီ။ 

“ဖေဖေနဲ့နေရင် ကစားရတယ်၊ မေမေနဲ့ နေတာ စာပဲ ဖတ်ခိုင်းနေတာပဲ”

သူ့အဖေက စကားနည်းသည်။ ဆူဆူပူပူလည်း မလုပ်။ ကလေးကို ရိုက်လည်း မရိုက်။ ကျွန်မကတော့ တစ်နေ့လုံး အလုပ်ထဲမှာ ပင်ပန်းကာ အိမ်ပြန်ရောက်လျှင် ဂျီကျတတ်သော ခေါင်းမာသည့် ချာတိတ်ကလေးနှင့် ရန်ဖြစ်ရတတ်သည်။ သူက မုန့်ဖိုး အမြဲ တောင်းတတ်သည်။ ကျွန်မက မတည့်တာ ဝယ်စားမှာ စိုးသဖြင့် မပေး။ 

“သား ဗိုက်ဆာလို့ပါ မေမေရဲ့”
“ကော်ဖီနဲ့ မုန့် စားကွာ”
“သား ကော်ဖီ သောက်ချင်ပါဘူး”
“ဒါဆို ထမင်းစား”
“ဟင့်အင်း … မုန့်ဖိုးပေး၊ မုန့်ဖိုးပေး” 

သားက သူ လိုတာ မရလျှင် ခြေဆောင့်သည်။ မုန့်ဖိုး မရလျှင် ကျွန်မလက်ကို ကုတ်ဆွဲတတ်သည်။ 

“သားက မုန့်ဖိုး လိုချင်တာ၊ မေမေ့ စိတ်ချည်းပဲ၊ မေမေက မေမေ့ စိတ်ချည်းပဲ” 

တုတ် မပြမချင်း သူ မကြောက်။ သည့်ထက် နည်းနည်း ကြီးလာလျှင် သူ့ကို ကျွန်မ တစ်ယောက်တည်း ဘယ်လို ထိန်းရမလဲ။ ရိုက်တော့လည်း အသားနာရုံပဲ။ ကျွန်မ ကလေးကို စိတ်ပျက်လက်ပျက် ကြည့်ကာ ရင်မော နေရတတ်သည်။ 

တစ်ခါတလေ စိတ်မထိန်းနိုင်ဘဲ နာနာလေး ရိုက်ပစ်မိပြန်သည်။ 

“နင့်ကြောင့် ငါ အလုပ်လုပ် နေရတာ သိရဲ့လား၊ နင့်ကြောင့်” 

စိတ်တိုတိုဖြင့် သည်လို ပြောပစ်လိုက်မိသည်။ ကျွန်မ သည်မြို့ကလေးသို့ ရောက်ခဲ့သည်မှာ ကလေးကြောင့်လား၊ ရာထူးတိုး လိုချင်သည့် ကျွန်မ အတ္တစိတ်ကြောင့်လား၊ ကျွန်မတို့အိမ်၏ မပြည့်စုံသည့် စီးပွားရေး အခြေအနေကြောင့်လား။ ကျွန်မ လစာက တိုးသည် ဆိုပေမယ့် အိမ်ငှားနေရသည့် လခ၊ ရေဖိုး၊ မီတာခ ဆောင်ပြီးလျှင် အိမ်စရိတ်က (၁၀) ရက်စာပင် မလောက်။ သူ့အဖေဆီကပဲ တောင်းတောင်း သုံးနေရသည်။ သူ့အဖေကော ကျွန်မတို့ သားအမိကို ပေးဖို့ ရှာလို့ဖွေလို့ အဆင်ပြေရဲ့လား ပူပန်နေရ ပြန်သည်။ စုဖို့ထက် လောက်ငဖို့ကိုပင် စိုးရိမ်နေရသော အပူများသည် ကလေး၏ ကျောပေါ်သို့ တုတ်တစ်ချက်အဖြစ် ကူးပြောင်းသွားပြီးတိုင်း ကျွန်မ ဝမ်းနည်းရသည်။ အထီးကျန်စိတ်က ဖိစီးတိုင်း ကျွန်မ ပေါက်ကွဲ တတ်သည်မို့ ကြာလျှင် ကျွန်မလည်း ရူးပြီး ကလေးလည်း စိတ္တဇ ဖြစ်သွားလောက်သည်။ 

ဒါပေမယ့် သားလေးက ကျွန်မ စိတ်တိုနေမှန်း သိလျှင် ပြန်ချော့တတ်သည်။ ငိုသော်လည်း ခဏပါ။ ကျွန်မ မျက်နှာ တင်းနေလျှင် ကျွန်မ ပါးကလေးကို လက်ဖဝါး နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး ကျွန်မ မျက်နှာကို သူ့မျက်နှာလေးနှင့် ခွေ့ကာ ရင်ခွင်ထဲ ဝင်လာတတ်သည်မို့ ကျွန်မ စိတ်ပြေရ ပြန်သည်။ တင်းနေသော စိတ်တွေ လျော့ပြေလျှင် အလိုကိုလိုက်ကာ မုန့်ဖိုး ထုတ်ပေးမိတတ်သည်။ သူကလည်း ကျွန်မ၏ အလိုလိုက်မှုကို အခွင့်ကောင်းယူကာ မတည့်တာ ဝယ်စားတတ် ပြန်သည်။ 

ကျွန်မ ဆုံးမပုံ၊ ဖျောင်းဖျပုံ မှန်ကန်ပါရဲ့လား။ 

ကမ္ဘာပေါ်တွင် မည်သည့် အမေများသည် တစ်ယောက်တည်းသော သားကလေးများကို မှန်မှန်ကန်ကန် စည်းကမ်းတကျ ဆုံးမတတ်ကြ လေသနည်း။ ကလေးပြုစုနည်း စာအုပ်တွေကို ဖတ်ပေမယ့် စာအုပ်ထဲက အမေတွေလို စည်းကမ်းတကျ မဆုံးမတတ်တာ အမှန်။ 

ညတိုင်လျှင် အိမ်ကလေး တစ်လုံးတည်း ရှိသော ခြံထဲတွင် သားအမိ နှစ်ယောက်တည်း အိပ်ရသဖြင့် စိတ်တို့က မငြိမ်သက်ချင်။ 

သားကလေး တရှူးရှူး အိပ်ပျော်သွားချိန်မှာ ကျွန်မ ကယောင်ချောက်ချားနှင့် ထထ ထိုင်နေမိတတ်သည်။ ပုတီးစိပ်၊ တရားမှတ်လိုက်မှ စိတ်က ငြိမ်သွားသည်။ မမှတ်နိုင်သည့် အခါများ၌ ချွတ်ချွတ်သံ ကြားတိုင်း လန့်နေမိသည်။ အိပ်ပျော်လျှင်လည်း ခဏသာ။ မှေးခနဲ အိပ်ပျော်သွားရာက အိပ်မက်ဆိုးများကြောင့် လန့်နိုး လာရတတ်သည်။ မသိစိတ်၌ မလုံခြုံမှုသည် ထာဝရ ကြီးစိုးနေရာ မီးထွန်းထားသည့် ကြားက အရိပ်များသည် ကျွန်မစိတ်ကို ချောက်ချားစေသည်။ သူ့အဖေ လာနေသော ညများ၌ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရသည်။ သူ ဘေးမှာ ရှိနေလျှင် ရင်ထဲမှာ နွေးလျက် လုံခြုံသည်။ 

သည်ညတော့ ရထားက အတော်လေး နောက်ကျနေခဲ့ပြီ။ 

ခါတိုင်း ပဲခူးအိပ်လို့ ခေါ်သည့် ပဲခူး လော်ကယ်ရထားက လေးလေးနှေးနှေး ခေါင်းတွဲတစ်ခုသာ မီးလင်းပြီး တရွေ့ရွေ့ လာသည်ကို တွေ့ရမြဲဖြစ်သည်။ ခေါင်းတွဲကြီး တစ်ခုတည်း လာနေသလို၊ ကျန်တွဲတွေက မှောင်မည်းလျက် အသံတွေသာ ကြားရသော ရထားသည် တံတားတွေပေါ် ဖြတ်လျှင် တဝုန်းဝုန်း တဝေါဝေါ ဆူညံသွားတတ်သော အသံများကို သည်မြို့လေးဆီမှ ကြားရ တွေ့ရမြဲ။ 

 ခုတော့ ပဲခူးအိပ်၏ အရိပ်အယောင် မမြင်ရ။ ဘူတာကြီးမှာပဲ အိပ်နေလေသလား။ လမ်းမှာပဲ အိပ်လေသလား မသိ။ ရထားဆိုက်၍ ဟိုဘက်ကမ်းဆီမှ ကွင်းပြင်ကို ဖြတ်လျက် လာနေကြသော လက်နှိပ်ဓာတ်မီးရောင် လက်ခနဲ လက်ခနဲ ဟိုတစ်စု သည်တစ်စု မြင်ရလျှင် သည်ဘက်ကမ်းမှ မော်တော်လေးသည် စက်နှိုး၍ ဟိုဘက်ကမ်းဆီ ခရီးသည်ကြို သွားတတ်မြဲ ဖြစ်သည်။ ခုတော့ မော်တော်လေးမှာ ကြိုးချည်ထားဆဲ။ လှိုင်းပုတ်တိုင်း တလှုပ်လှုပ်နှင့်။ 

“မနေ့က ရထား ဘယ်အချိန် ဝင်လဲဟင်” 

စောင့်နေသူ တစ်ဦးက ကူးတို့သမားကို လှမ်းမေးလိုက်သည်။ 

“၁၁ နာရီလောက် ထင်တယ်” 

စောင့်နေသူတို့ စိတ်ပျက်လက်ပျက်နှင့် ပြန်သူ ပြန်ကြပြီ။ သားက ပြန်ချင်ပုံ မရ။ ကျွန်မလည်း ဆက်စောင့်ချင်ပါသည်။ သူ့ပါးကလေးတွေ၊ လက်လေးတွေ အေးနေပြီမို့ ကျွန်မ အိမ်ပြန်သင့်ပြီဟု ထင်နေသည်။ သားလေးသည် သူ့အဖေလာလျှင် အရုပ်ပါလာမည်ပဲ ထင်နေသည်။ မအေထက် သူက ကဲသည်။ ခြေကလေးဆောင့်ကာ ပြောလိုက်သည်။ 

“ဖေဖေ လာအောင် စောင့်မှာပဲ” 

သားလေးက မုန့်ဖိုးရလျှင် မအေကို ဘယ်တော့မှ မအပ်။ ဖအေလက်ထဲ ထည့်တတ်သည်။ ပိုက်ဆံတန်ဖိုးကို ခွဲခွဲခြားခြား သိပ်နားမလည်သေး သော်လည်း အရွက် အကြီး အသေး၊ အရုပ်၊ အရောင် ခွဲခြားမှတ်မိသည်။ မအေ့လက်ထဲ ရောက်သွားလျှင် စုဘူးထဲ ရောက်သွားတတ်ပြီး ဖအေ့လက်ထဲမှာ ဆိုလျှင် သူ လိုချင်သည့် အရုပ် ပူဆာလို့ရသည်။ ဖအေလုပ်သူက စိတ်ရှည်သည်။ 

အလုပ်မသွားခင် သင်္ဘောတွေ၊ လေယာဉ်တွေ၊ ငှက်တွေ၊ ခွေးလေးတွေ အရုပ်မျိုးစုံကို စက္ကူဖြင့် ပုံချိုး၍ ပေးတတ်လေသည်။ ဝါးခြမ်းပြားကို သေသေချာချာ ချောနေအောင်သပ်ပြီး သားရေပင်စည်းကာ လေးမြား လုပ်ပေးတတ်သည်။ ဓာတ်ခဲသုံးရသော အရုပ်ကလေးတွေ ပျက်လျှင်လည်း ပြင်ပေးတတ်သည်။ ကျွန်မက သားလေးကို ကာတွန်းဖတ်ပြ၊ ပုံပြောပြတတ်ပေမယ့် ကလေးကစားစရာတွေကျ လုပ်မပေးတတ်။ သားသည် အဖေရှိလျှင် မီးပြတ်သော်လည်း နေရဲသည်။ မေမေနှင့်ဆိုလျှင် အားငယ်တတ်သည်။ 

အရင်ကတော့ သားအမိ သည်လာလာ မကြိုဖြစ်။ ရထားသံကို အိပ်ရာထဲကနေ နားစွင့်တတ်ကြသည်။ မော်တော်သံ တဘုတ်ဘုတ် မြည်သံကို နားစွင့်ကြသည်။ ခုတစ်ပတ်တော့ ကျွန်မလက်ထဲ ပိုက်ဆံက ပြတ်ပြီမို့ သူ့အလာကို ပိုလို့ မျှော်လင့်သည်။ အိမ်မှာ စိတ်အေးအေး မစောင့်နိုင်။ လာနိုးနှင့် ကမ်းထိပ်မှာ ငံ့လင့်စောင့်စားချင်သည်။ 

ကလေး အလိုလိုက်ကာ ကျွန်မ စိတ်စောမိကာ လာကြိုမိသည်မှာ မှားပြီထင်သည်။ သား အအေးမိပြီး ဖျားမှာဖြင့်။ 

အရင်တစ်ပတ်ကတော့ သူ အင်းတကော်လမ်းမှ လာခဲ့သည်။ 

မနက်စောစော အဝေးပြေးကား စီးပြီး အင်းတကော်မှာ ဆင်း၊ အင်းတကော်က ထုံးကြီးကို မြင်းလှည်းနှင့် လာ၊ ထိုမြင်းလှည်းကလည်း လူပြည့်ဖို့ အတော် စောင့်ရတတ်သည်။

လူကလည်း ပြည့်၊ မြင်းကလည်း မြင်းကတ် မဟုတ်ဘူး ဆိုလျှင်တော့ ထိုလမ်းသည် တစ်နာရီထက် ပိုမကြာတတ်။ ထုံးကြီးနှင့် အင်းတကော်ကြား တစ်စီးတလေသာ သွားလာတတ်သည့် မော်တော်ကားကို ကြောက်သည့် မြင်း၊ မြင်းကတ် တစ်ကောင်ကောင်နှင့် တွေ့ပြီဆိုလျှင် ခရီးတာက ပိုရှည်တတ်သည်။ မြင်းက ရှေ့ကိုမသွားဘဲ နောက်ကြောင်း ပြန်ပြေးချင် ပြေးတတ်သည်။ လမ်းပေါ်မှာ ချာချာလည်ပစ်ချင် ပစ်တတ်သည်။ တစ်ခါက ကျွန်မနှင့် ချာတိတ်သည် ထိုမြင်းလှည်းမျိုးပေါ်တွင် အသက်ကို ဖက်နှင့်ထုပ်ပြီး လိုက်ခဲ့ရဖူးသည်။

ထုံးကြီး ရောက်တော့လည်း ကမ်းနားသို့ နောက်တစ်ဆင့် မြင်းလှည်းစီး၊ မြင်းလှည်း မရလျှင် တစ်မိုင်သာသာ လမ်းလျှောက်ရသည်။ နေပူကျဲကျဲမှာ ကလေးတစ်ဖက်နှင့် ဆိုလျှင် မလွယ်။ ရန်ကုန်-ထုံးကြီး လိုင်းကားရှိလျှင် သိပ်ကောင်းမှာပဲဟု သည်လမ်းပေါ်ရောက်တိုင်း တောင့်တမိရ တတ်သည်။ လိုင်းကားက မရှိ။ ဟိုလွန်ခဲ့သည့် နှစ်နှစ်လောက်ကတော့ ရံဖန်ရံခါ ပြေးဖူးသည်ဟု ကြားသည်။ အင်းတကော်လမ်းပေါ်မှာ ဥဒဟို ပြေးနေသော မြို့နယ်အစီအစဉ် ကားများကို တွေ့ရလျှင် ထိုလိုင်းကားမျိုး ရှိစေချင်သောဆန္ဒ ပို၍ဖြစ်လာရ ပြန်သည်။ ဘာကြောင့်များ သည်လို မရှိသည်ကိုတော့ မစဉ်းစားတတ်။

ထုံးကြီးမှ ကမ်းနားသို့ အဆင်ပြေပြေ ရောက်ပြီ ဆိုလျှင်တောင် တစ်ဖက်ကမ်းကို စက်လှေလေးနှင့် ကူးရသည်။ စက်လှေသို့အဆင်း တံတား သေးသေးကျဉ်းကျဉ်းမှာ အတက်အဆင်း လူရှောင် ရသည်ကလည်း သည်းထိတ်ရင်ဖိုဖွယ်ရာ။ ဒီတက်ပြီ ဆိုလျှင် တံတားအမြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လာသည့် ဒီရေက ကြောက်စရာ။ တံတားပေါ်မှ လျှောက်ရင်း ရေထဲပြုတ်ကျ သွားတော့မလို မူးရိပ်ရိပ် ဖြစ်လာရသည်။

ချာတိတ်လေးနှင့်မို့ သည်လို သွားပြန်နေလို့ မဖြစ်သည်မို့ ရုံးပိတ်ရက် သူ့အဖေ အလာကိုသာ စောင့်မျှော် နေရသည်။ တကယ်တော့ သည်ခရီးက နီးနီးကလေးပါ။ (၄၄) မိုင်သာ ရှိသည့် ခရီးကို နေ့တစ်ဝက်လောက် သွားလာနေရသည့် အဖြစ်။

ရထားစောင့်ရင်း တစ်ခါက သူသည် မနက် (၅) နာရီကျော်မှ ရောက်လာသည်ကို ပြန်အမှတ်ရမိသည်။

ရထားက ရန်ကုန်ဘူတာကြီးမှ ည (၂) နာရီလောက်မှ ထွက်ခဲ့၍ ထုံးကြီးကို (၄) နာရီခွဲလောက်မှ ရောက်လာသည်။ အချိန်ဇယားအရ သည် ရထားထွက်ချိန်က ညနေ (၅) နာရီ (၂၅) မိနစ်။ ကျွန်မက သူ့ကို ပြောမိသေးသည်။ ညနေကတည်းက ဘာလို့ အဲဒီအချိန်ထိ စောင့်နေရတာလဲ၊ အိမ်ပြန်အိပ်ပြီး မနက်မှ ကားနဲ့လာပေါ့ ဆိုတော့ သူက ထွက်နိုးနိုးနဲ့ စောင့်နေမိတာပဲကွာ၊ ကိုယ့်လိုလူတွေလည်း အများကြီးပဲဥစ္စာ။ နောက်ပြီး ကားလမ်းကလာရင် စရိတ်က သိတဲ့အတိုင်းပဲကွာတဲ့။

တိုင်းထွာ သုံးစွဲရသော ငွေကြေး ပမာဏက အချိန်များကို ဝါးမျိုကာ လူကို ပင်ပန်းစေသည်ကို တွေးမိတော့ ရင်မှာ နင့်သွားခဲ့ရသည်။

“မိန်းမရယ် ... လော်ကယ်ဆိုတာ အချိန်မှန် အမြန်မှ မဟုတ်တာ၊ လမ်းမှာ ဖြတ်သမျှ ကုန်ရထားကအစ ရှောင်နေရတာပဲလေ၊ သူက ဦးစားပေးမှ မဟုတ်တာ” 

သူ ပြောလေ့ရှိသော စကားကို ပြန်ကြားယောင်ရင်း သည်နေ့လည်း အဲဒီလို ဖြစ်နေပြန်ပြီလား အတွေးဝင်သည်။ သူ့အဖေ စီးလာမည့် ရထားက ည (၇) နာရီ (၈) နာရီလောက် ရန်ကုန်က ထွက်လာမည် ဆိုလျှင်တော့ အမြန်တွေလည်း ဖြတ်ကျော်ပြီးပြီမို့ ခုလောက်ဆို ရောက်လောက်ပြီ။ သည့်ထက် နောက်ကျလို့ပဲ ဖြစ်လိမ့်မည်။ 
ည (၁၁) နာရီ ကျော်လာပြီမို့ လက်ဖက်ရည်ဆိုင်ထဲမှာ လူစုလည်း ကွဲသွားပြီ။ ဆိုင်ကလည်း ပိတ်ဖို့ ပြင်နေပြီ။ သားကို ချော့ရပြန်သည်။ 
“ကဲ … သားရေ၊ ပြန်ကြမယ်ကွာ”
“သားကတော့ မိုးလင်းထိ စောင့်မှာပဲ မေမေ” 

ခေါင်းမာသော သားသည် စိတ်မလျှော့သေး။ ငိုမဲ့မဲ့လေး ဖြစ်နေသည်။ 

“လက်ဖက်ရည် ဆိုင်တောင်မှ သိမ်းနေပြီ သား၊ တအား မိုးချုပ်သွားပြီ” 

ရင်ထဲမှာ စိုးရွံ့စိတ်နှင့် အားငယ်မှုတွေ ပြည့်သိပ်နေသည်။ သားအမိ သားအဖ သုံးယောက် အိမ်ပြန်ကြဖို့ တွေးထားခဲ့သည်။ သည်လို နောက်ကျတတ်မှန်း သိပေမယ့် ဒါကို လုံးလုံးထည့် မတွေးထားမိခဲ့။ 

ခုတော့ သားအမိ နှစ်ယောက်တည်း ပြန်ရတော့မည်။ 

နွေးထွေးမှု ကင်းမဲ့ခြင်းသည် ရင်တွင်းကို ဖိစီးလျက် အေးသောည၊ မှောင်သောည လမ်းမီး မှိန်ပျပျများအောက်မှ …။


ခင်မြဇင်

မဟေသီ မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၉၅။

Thursday, March 15, 2018

ချစ်ပုံပြင်

copy by

"ငှက်နှစ်ကောင်ရဲ့ချစ်ပုံပြင်"

ဒီငှက်နှစ်ကောင်ရဲ့ အချစ်ဇာတ်လမ်းက စိတ်ကူးယဉ်မဟုတ်သလို ဒဏ္ဍာရီပုံပြင်လည်း မဟုတ်ပါဘူး။ တကယ်လက်ရှိဘဝမှာ ဖြစ်ပျက်နေတဲ့ အဖြစ်တစ်ခုပါ။ ဒီငှက်နှစ်ကောင်ရဲ့အကြောင်းကို သတင်းတွေမှာ ဖတ်မိ ကြည့်မိကြမှာပေါ့။

ဥရောပတိုက်မှာ Croatia ဆိုတဲ့ ဒေသတစ်ခုရှိတယ်။ အဲဒီဒေသမှာ Slavonski Brod ဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်။ အဲဒီမြို့လေးက ရာသီဥတမျှတပြီး တောတောင်ရေမြေစိမ်းစိုတာကြောင့် ငှက်အများရဲ့ ခေတ္တနားခိုရာနေရာဖြစ်ခဲ့တယ်။ အထူးသဖြင့် ငှက်ကျားဖြူတွေဟာ နွေဦးရာသီရောက်တိုင်း အဲဒီမြို့လေးဆီ ပျံသန်းလာကြပြီး ခေတ္တနေထိုင်ကြတယ်။

၁၉၉၃ခုနှစ် နွေဦးရာသီရောက်တော့ ထုံးစံအတိုင်း အဲဒီမြို့လေးဆီ ငှက်တွေရောက်လာကြတယ်။ အဲဒီထဲမှာ ငှက်ကျားဖြူတစ်ကောင်ဟာ ပျံသန်းနေရင်းက မြေပြင်ပေါ် ပြင်းပြင်းထန်ထန်ကျလာခဲ့တယ်။ ဒါကို Stjepan Vokic လို့ခေါ်တဲ့ ဦးလေးကြီးတစ်ယောက်က တွေ့သွားတယ်။ တောင်ပံမှာ ကျည်ဆန်ရာနဲ့ ဒဏ်ရာရသွားတဲ့ ငှက်ကျားဖြူကို ဦးလေးကြီးက ဘာမှစဉ်းစားမနေဘဲ အိမ်ယူပြန်သွားခဲ့တယ်။ အိမ်ရောက်တော့ ဆေးတွေကုပေး လုပ်ပေးပေမယ့် အတောင်က ခရီးဝေးပျံသန်းလို့မရနိုင်အောင် ပျက်စီးသွားခဲ့တယ်။ ဒီလိုနဲ့ ဆောင်းခိုဖို့ တောင်အရပ်ဆီ ငှက်တွေပျံသန်းကြတဲ့အခါ အဲဒီငှက်ကျားဖြူ ပါမသွားခဲ့တော့ဘူး။ ဦးလေးကြီးကလည်း အဲဒီငှက်ကို ကိုယ့်သမီးတစ်ယောက်လို ကျွေးမွေးပြုစုထားလိုက်ပြီး အိမ်ခေါင်မိုးမှာ အသိုက်တစ်ခု ဆောက်ပေးထားလိုက်တယ်။ ရာသီဥတုအေးရင် အိမ်ထဲခေါ်ထား၊ ပူနွေးရင် အိမ်ပြင်ထုတ်ထားနဲ့ အဲဒီဦးလေးကြီးနဲ့ ငှက်ကျားဖြူဟာ စားအတူ သွားအတူနဲ့ နှစ်ပေါင်း ၈နှစ်နီးပါး အတူနေခဲ့ကြတယ်။

ဒီလိုနဲ့ ၂ဝဝ၁ ခုနှစ်မှာ ဦးလေးကြီးဟာ ခါတိုင်းလိုပဲ ငှက်ကျားဖြူကို အစာကျွေးဖို့ ခေါင်မိုးပေါ်တက်တော့ အခြားငှက်ကျားဖြူအဖိုတစ်ကောင်ဟာ အတောင်ကျိုးတဲ့ငှက်ကျားမနား ရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒီငှက်ဖိုကို ငှက်မကလည်း ထိုးဆိတ်မောင်းထုတ်တာမျိုး မရှိခဲ့ဘူး။ နှစ်ကောင်သား ကလူကျီစယ်နေတာကို တွေ့တော့ ဒါ ငှက်မလေးရည်းစားထားပြီဆိုတာကို ဦးလေးကြီးကသိလိုက်တယ်။

ငှက်ကျားဖြူ အဖိုနဲ့အမဟာ အတူတကွ မခွဲမခွာနေကြတယ်။ ငှက်ဖိုဟာ မကြာခဏ အစာတွေချီပျံလာပြီး ငှက်မကိုကျွေးတယ်။ အဲဒီမှာ သူတို့ ဥဥကြတယ်။ ဥကနေတဆင့် ငှက်ကလေးတွေ ပေါက်လာကြတယ်။ ငှက်ကလေးတွေပေါက်လာတော့ ငှက်ဖိုဟာ ခါတိုင်းထက် အစာတွေချီပြန်လာတတ်တယ်။

ဒီလိုနဲ့ နွေဦးကုန်၊ နွေကုန်ပြီး ဆောင်းဦးရောက်လာခဲ့တယ်။ ငှက်ကလေးတွေလည်း ကြီးပြင်းလာကြပြီ။ ဆောင်းခိုဖို့ ငှက်ဖခင်နဲ့အတူ တောင်အရပ်ဆီ သူတို့ပျံသန်းရတော့မယ်။ အတောင်ကျိုးနေတဲ့ ငှက်မကတော့ သားသမီးလင်ယောက်ျားက ခွဲခွာသွားတော့ အသိုက်မှာ တစ်ကောင်တည်းထီးထီးကျန်ရစ်ခဲ့တယ်။

ဇာတ်လမ်းက ဒီလိုနဲ့ပဲ ပြီးသွားလိမ့်မှာပေါ့။ နောက်ဆုံးတော့လည်း ဦးလေးကြီးနဲ့ ငှက်ကျားဖြူပဲကျန်ရစ်ခဲ့တော့မှာပေါ့။ ဒါပေမယ့် အဖြစ်အပျက်က အဲဒီလိုမဟုတ်ခဲ့ဘူး။ နောက်နွေဦးကိုရောက်တော့ ငှက်ဖိုဟာ ငှက်မဆီကို ပျံလာခဲ့တယ်။ နွေဦးတစ်နှစ်၊ နွေဦးနှစ်နှစ်... ငှက်မဆီကို ငှက်ဖို အလွန်ဆုံးပြန်လာနိုင်မှာ နွေဦး သုံးလေးခုလောက်ပဲလို့ ဦးလေးကြီးထင်ခဲ့တယ်။

ဒါပေမယ့် နှစ်စဉ်နွေဦးရောက်တိုင်း ငှက်မဆီကို ငှက်ဖိုပြန်လာခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၁၆နှစ်ရှိခဲ့ပြီ။ နွေဦး မတ်ခ်ျလ ၂၄ ရက်နေ့ရောက်တိုင်း ငှက်ဖိုဟာ ငှက်မဆီကို အချိန်မှန်ပြန်ရောက်လာခဲ့တယ်။ ဒီအကြောင်းအရာတွေကို ဦးလေးကြီးက youtube မှာ နှစ်တိုင်း အပ်ဒိတ်လုပ်ပြီး ဗီဒီယိုတွေတင်ခဲ့တယ်။ သတင်းဌာနတွေလည်း လာရောက် သတင်းယူခဲ့ကြသလို ဒီအဖြစ်အပျက်ကိုသိကြတဲ့ လူတွေကလည်း နှစ်စဉ် မတ်ခ်ျလရောက်တိုင်း ဦးလေးကြီးရဲ့နေအိမ်အထိ သွားရောက်ပြီး ငှက်ဖိုပြန်အလာကို သွားစောင့်နေခဲ့ကြတယ်။

မနှစ် ၂ဝ၁၇ ခုနှစ်မှာတော့ ငှက်ဖိုဟာ ခါတိုင်းပြန်လာနေကျ မတ်ခ်ျလ ၂၄ရက်နေ့ထိ အရိပ်အယောင်မတွေ့ခဲ့ဘူး။ လမ်းမှာ တစ်ခုခုများဖြစ်နေမလား.. ရာသီဥတုများ ဆိုးဝါးနေသလား၊ ငှက်မုဆိုးရဲ့ဒဏ်ကိုခံလိုက်ရပြီလားဆိုပြီး လူတွေက စိုးရိမ်ခဲ့ကြတယ်။ ငှက်ဖိုပြန်မလာတာကိုတွေ့တော့ ငှက်မလည်း ဂဏမငြိမ်ဖြစ်ခဲ့ရတယ်။

ငှက်ဖိုပျံသန်းလာမယ့်လမ်းကြောင်းက လက်ဘနွမ်ကိုဖြတ်သန်းရတယ်။ အဲဒီဒေသမှာ ငှက်မုဆိုးတွေ သောင်းကျန်းလွန်းတယ်။ ငှက်ဖိုပြန်မလာတာကိုတွေ့တော့ ဦးလေးကြီးက လက်ဘနွမ်အစိုးရဆီ ဒီငှက်မောင်နှံရဲ့အဖြစ်အပျက်တွေ၊ ငှက်နဲ့လူတို့ရဲ့ နှစ် ၂ဝနီးပါးသံယောဇဉ်အကြောင်းတွေကို ရေးပြီး ငှက်မုဆိုးတွေကို ကာကွယ်တားဆီးပေးဖို့ အကူအညီတောင်းခံစာ ရေးလိုက်တယ်။ ဗီဒီယိုအဖြစ်နဲ့လည်း အွန်လိုင်းပေါ်မှာတင်ခဲ့တယ်။ ပြီးတော့ ငှက်ဖိုပြန်အလာကို သူတို့ ရင်တမမနဲ့ စောင့်ခဲ့ကြတယ်။

ငှက်ဖိုဟာ ဧပြီလ ၁၂ရက်နေ့မှာ ခါတိုင်းပြန်လာနေကျထက် ၂ပတ်နောက်ကျပြီး ပြန်ရောက်လာခဲ့တယ်။ သူ့ကိုယ်ပေါ်မှာ သွေးစသွေးနတွေ ပေနေတာမို့ လမ်းမှာ သူတစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို လူတိုင်းရိပ်မိကြတယ်။ ငှက်မဆီ သူပြန်လာတဲ့အချိန်ကို သတင်းတွေမှာ live လွှင့်ပြသခဲ့တယ်။ အဲဒီနေရာအထိသွားရောက်ကြည့်ရှုကြသူတွေ၊ သတင်းတွေစောင့်ကြည့်နေကြသူတွေဟာ ငှက်ဖိုပြန်လာတာကိုလည်း မြင်ရော ကိုယ့်အနီးနားက လူတွေကိုပွေ့ဖက်ပြီး ဝမ်းသာပျော်ရွှင်ခဲ့ကြတယ်။ ငိုခဲ့ကြတယ်။ ဒါဟာ ငှက်နှစ်ကောင်ရဲ့ ချစ်သစ္စာပဲဖြစ်တယ်။ 

ငှက်ဖိုက သူဆောင်းခိုရာ တောင်အာဖရိကတိုက်ကနေ ငှက်မ နေတဲ့ Croatia ထိကို မိုင် ၅ဝဝဝ ပျံသန်းရတယ်။ ဒီလိုငှက်ကျားဖြူတွေရဲ့အသက်က အလွန်ဆုံး ၃၉နှစ်အထိ ရှင်နိုင်တယ်တဲ့။ ငှက်ဖိုကတော့  သူ့ချစ်သူ ငှက်မရှိရာဆီပျံသန်းလာဖို့ သူရဲ့သက်တမ်းတစ်ဝက်လောက်ကို အသုံးပြုနေခဲ့ပါတယ်။ 

ဒီလိုငှက်နှစ်ကောင်ရဲ့ချစ်ပုံပြင်ကြောင့် မနှစ်ကပဲ လက်ဘနွမ်အစိုးရဟာ ငှက်တွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ ရပ်တန့်သင့်ပြီဆိုတဲ့အကြောင်း၊ ဒီကမ္ဘာမြေပြင်ပေါ်မှာ လူသားရယ်၊ တိရစ္တာန်တွေရယ်၊ သက်ရှိသစ်ပင်ပန်းမန်တွေရယ်ဟာ ငြိမ်းချမ်းစွာ အတူတကွနေထိုင်သင့်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

ငှက်နှစ်ကောင်ရဲ့အချစ်က နိုင်ငံတစ်နိုင်ငံရဲ့ဥပဒေကိုပြောင်းလဲနိုင်ခဲ့ရင် ဒီဒဏ္ဍာရီဆန်တဲ့အချစ်က အဓိပ္ပာယ်ရှိစွာ လှပအသက်ဝင်နေမှာပဲဖြစ်ပါတယ်။

၂ဝ၁၈ရဲ့ မတ်ခ်ျလမှာလည်း သူတို့ပျော်ရွှင်စွာ တွေ့ဆုံနိုင်ပါစေလို့...
.
ဖတ်မိသမျှ မျှဝေပါတယ်..
.
#နိုင်းနိုင်းစနေ
.

Tuesday, March 13, 2018

ပညာ

ပညာတတ်တစ်ယောက်၏ တန်ဘိုး
― ကိုတာ

ပညာတတ်တစ်ယောက်၏တန်ဘိုးတဲ့။

ပညာတတ်သူမှာ ဘာတန်ဖိုးရှိလို့တုန်း၊ ဟိုတုန်းကတော့ ပညာတတ်တွေအား တွေဝေတတ်သူများ၊ မရေရာ မသေချာသူများဟု ယိုးစွတ်ခံရသည်။ ယိုးစွပ်ခံရသည့်အတိုင်းတွေဝေတတ်ခြင်း၊ မသေချာတတ်ခြင်းကား ပညာတတ်တို့၏ ပြယုဂ်(ဝါ) ဂုဏ်အင်္ဂါ ဖြစ်သည်ဆိုပါလျှင် ထိုအချင်းအရာ များကား တန်ဘိုးလား၊ အလကားဟာလား။ ကျွန်တော်ကား နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချတ်ဖိုင်းမန်း၏ စာတစ်ပုဒ်ကိုဖတ်ဖူးပါသည်။ သိပ္ပံပညာ၏ တန်ဘိုး (ဝါ) မသေချာခြင်း မသိခြင်းနှင့် သံသယ၏အကျိုးဟူသော စာတစ်ပုဒ်ဖြစ်ပါသည်။ သဘောအကျဉ်းမျှကိုအောက်မှာ ရှုပါ။ နိုဘယ်ဆုရ ရူပဗေဒသမားကို ပညာတတ်ဟူ၍ ခေါ်နိုင်ကောင်းသည်ဟု သင် သဘောတူမည်ထင်ပါသည်။

သိပ္ပံပညာတတ်၌ မသိခြင်း၊ သံသယ၊ မသေချာခြင်း၊ အတွေ့အကြုံများ အများအပြားရှိသည်။ ထိုအတွေ့အကြုံများကား အလွန်အဖိုးတန်သည်။

သိပ္ပံပညာ ဟူသည်မှာ သေချာမှုဒီဂရီ အမျိုးမျိုးရှိသော ဖော်ပြချက်များ အစုအပေါင်းမျှသာ အချို့မှာတော်တော်မသေချာ အချို့ကတော့ သေချာသလောက်ပါ သို့သော် ဘယ်ဟာမှ ခြွင်းချက်မရှိသေချာတယ်ဆိုတာမရှိ။

ထို့ကြောင့် သိပ္ပံပညာတတ်များကား မသေချာခြင်း၊ မသိခြင်း သံသယတို့နှင့် အသားကျနေပါသည်။ မသေချာခြင်းနှင့် နေတတ်သည်။ မသိခြင်းနှင့်လည်းနေတတ်သည်။ လူတိုင်းဟာ ဒီလိုနေတတ်ရဲ့လား။ ကျွန်တော်မသိပါ။ သိပ္ပံပညာရှင်များကတော့ လွတ်လွတ်လပ်လပ် သံသယထားတတ်သဖြင့် ရှေးခေတ်ကတည်းက အာဏာရှင်များနှင့် ရင်ဆိုင်ခဲ့ရသည်။

ကျွန်တော်တို့ကိုမေးခွန်းထုတ်ခွင့်ပြုပါ သံသယထားခွင့်ပြုပါ။ မသေချာဖို့ကိုခွင့်ပြုပါ။ ထို့အတွက်ရုန်းကန်ခဲ့ရသည်။ အလွန်ပြင်းထန်စွာ အလွန်နက်ရှိုင်းစွာ တွန်းလှန်ခဲ့ရသည်။

လူတွေဟာ အကုန်အစင်သိလို့လား ကျွန်တော်တို့သိပြီးသမျှကို စာရင်းလုပ်ကြည့်သော် ကျွန်တော်တို့တကယ် မသိသေးဘူးဆိုတာကို ဝန်ခံရလိမ့်မည်။ သို့သော်ထိုသို့မသိကြောင်းဝန်ခံခြင်းအားဖြင့် လူသားဟာ ချောင်ပိတ်မနေဘဲ ပွင့်တဲ့နည်းလမ်းတစ်ခု တွေ့လာသည်။ ဤမသိခြင်း ဒဿနအားဖြင့်သာ ဒီမိုကရေစီ ပေါ်ပေါက်လာတာဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်မှ အစိုးရတစ်ခုကို စီမံခန့်ခွဲနိုင်မလား အကယ်စင်စစ် မသိနိုင်ပေဘူး ဒါကြောင့်မည်သူမည်ဝါ ကိုပဲဖြစ်စေ သံသယ တော့ထားရှိ သင့်တယ်။ သေမှမသေချာတာဘဲ ထိုအတွေးအခေါ်ကို အခြေခံ၍သာ လေးနှစ်တကြိမ်အသစ်များကို ရှာဖွေသင့်တယ်။

စမ်းသပ်သင့်တယ်။ ပိုသစ်တဲ့လူတွေ အတွေး သစ်တွေကိုလည်း ထပ်သွင်းတဲ့စနစ် တစ်ခုစီစဉ် သင့်တယ်လို့ ပြုလုပ်လာတာဖြစ်တယ်။ 
မသေချာခြင်းကြောင့် ဆွေးနွေးတိုင်ပင်ခြင်းဝေဖန်ခြင်း များကိုဖိနှိပ်ပစ်ကာ ဒီမှာ အဖြေအားလုံးရှိသမျှ ၊ မင်းတို့သူများကား ကြောင်းစရာ
ကောင်းသည်။ သူတို့ကြောင့် ကျုယ်ကျိုးနည်းပေါင်းလည်း များလှပြီ။

မသေချာဘူးဟု သံသယထားတတ်မှ တွေးဖို့ခေါ်ဘို့ လမ်းပွင့်လာသည် (ဝါ) အတွေးအခေါ် လွတ်လပ်ခြင်း သီးပွင့်လာသည် အရင်က မဖြေရှင်းရသေးတဲ့ပြဿနာ တစ်စုံတစ်ရာကို ဖြေရှင်းရန်အတွက် ခင်ဗျားဟာ မသိနိုင်ခြင်း တံခါးရွက်ကို ဖွင့်ထားရမှာဖြစ်သည်။ ဥဿုံ မှန်ချင်မှမှန်မှာ ဟူသတဲ့ဖြစ်နိုင်ခြေကိုမှတ်ထားရမှာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ တစ်ခုခုကိုကြိုတင်ဆုံးဖြတ်သေချာ ထားလျှင် ကားခင်ဗျားဟာ ထို ပြဿနာ ကို မဖြေရှင်းနိုင်တန်ရာ။

သိပ္ပံပညာရှင်တစ်ယောက်ဟာ ပြဿနာရဲ့ အဖြေကိုသူတော့ဖြင့်မသိပါဟု ပြောရင်၊ ထိုသိပ္ပံပညာရှင် ဟာမသိတဲ့သူ ဒီလိုတော့ဖြင့်ဖြစ်တန်ရာတယ်လို့ပြောရင် ထိုသိပ္ပံပညာရှင်ဟာ ပြဿနာအတွက် မသေချာတဲ့သူ။ ဒီလိုတော့ဖြင့် ဖြစ်ကိုဖြစ်မှာ သေချာပေါက် ပဲလောင်းမလားလို့ပြောရင် ထိုသိပ္ပံပညာရှင်ဟာ သံသယရှိနေသေးသူ။

မသိခြင်းကို သိရှိခြင်း နှင့်သံသယ ထားရှိခြင်းအားဖြင့်သာ တိုးတက်မှုများကို ပြုလုပ်နိုင်တာ ဖြစ်လေသည်. သံသယရှိလို့သာ စိတ်ကူး အသစ်များကို တူရူအသစ်များမှ ကြည့်တာ ဖြစ်လေသည်။
အကယ်၍သာ ရှု့ထောင့်အသစ်မှ ရှုကြည့်လို့သော ဆန္ဒလည်းမရှိ မကြည့်လည်းမကြည့်တတ်ပါလျှင် အကယ်၍သာ သံသယမထားတတ်၊ မိမိ၏ မသိခြင်းကို ဆင်ခြင်လည်း မရှိပါလျှင် ကျွန်တော်တို့အနေနှင့် စိတ်ကူးစိတ်သန်းအသစ်များ ရစရာအကြောင်း မရှိပါ။ သံသယမရှိပါလျှင် စစ်ဆေးဘို့ထိုက်တန်သော အရာဟူ၍ဘာမျှလည်း ရှိတော့မည်မဟုတ်ပါ။ အမှန်ကိုသိရှိပြီးပြီဟူ၍ ထင်နေပြီမို့ပါ။

သံသယထားရှိဖို့ လွတ်လွတ်လပ်လပ်ရှိခြင်းဟာ သိပ္ပံပညာမှာတော့ အရေးကြီးလှတဲ့ကိစ္စဖြစ်သည်။ အခြား နယ်ပယ်တွေမှာလည်း ဒီအတိုင်းး အရေးကြီးလှတယ်လို့ ကျွန်တော်ကဖြင့် ယုံကြည်သည်။ သံသယဟာ ကြောက်ရမယ့်အရာမဟုတ်၊ လူသားတို့ စွမ်း၇ည်သစ်ရရှိရန်အတွက် ကြိုဆိုအပ်သည့်အရာဟု သင်ပေးလိုသည်။

ခင်ဗျားဟာ ဒီနေရာမှာ ဒီတစ်ခုကဖြင့် မသေချာလှဘူးလို့သိနေတယ် ဆိုပါစို့အခြေအနေ ကိုတိုးတက်အောင် လုပ်ဖို့ခင်ဗျားမှာ အခွင့်အလမ်း တစ်ခုရရှိတာဖြစ်သည်။ ကျွန်တော်ဟာ အနာဂတ် မျိုးဆက်များအတွက် ဤလွတ်လပ်မှု ကိုတောင်းဆိုချင်သည်။

အထက်ပါဖော်ပြချက်မှာ ရစ်ချတ်ဖိုင်မန်းဟူသော သိပ္ပံပညာတတ်တစ်ယောက်၏ အယူအဆဖြစ်သည်။ သို့သော် အခြားပညာတတ်မှန်သမျှ၌လည်း ထိုနည်းလည်းကောင်း သဘောထားရှိကြသည်ပင်။ ပညာတတ်များကား သံသယရှိတတ်ကြသည်ဟူလို။

ကျွန်တော်ကတော့ အကြင်သူတစ်ယောက် အလွန်သေချာနေလျှင် ထိုသူကား ပညာတတ်ဟုတ်မှဟုတ်ပါလေစဟု တွေးတတ်သည်။ ဤနေရာ၌ အလွန်ဟူသော စကားလုံးကိုသတိချပ်ပါခင်ဗျား။ ပညာာတတ်ဖြစ်လာသောအခါ၌ထိုသူများ တဇောက်ကန်းများ (Absolutist) မဟုတ်သောအခါ ထိုအခြင်းအရာကား ပညာတတ်ခြင်း၏ တန်ဘိုး မဟုတ်သလော။

ယူနက်စကို မှ လက်ကမ်း စာရွက်တစ်ရွက်၌ အောက်ပါအတိုင်း ဖတ်ရသည်။ (EFA-Education For All) အမှတ် ၃၆၊ စက်တင်ဘာ ၁၉၉၉)

(၁) ယူဂန္ဓာ ၌ အခြေခံပညာ ရေး(၄) နှစ်သည် လယ်သမားတစ်ယောက်၏ ထုတ်လုပ်မှုအား (၇) ရာခိုင်နှုန်း တိုးစေသည်။

(၂) ဇမ်ဘီယာ၌ အခြေခံပညာ ရေးတတ်မြောက် သောမိခင်၏ ကလေးသည် ပညာမတတ်သော မိခင်တစ်ယောက်၏ ကလေးထက် အသက်ရှင်ဖို့ (၂၅) ရာခိုင်နှုန်း ပိုများသည်။ 

(၃) ဘင်္ဂလားဒေ့ရှ် ၌ အလယ်တန်းပညာတတ်မြောက်သော အမျိုးသမီးများသည် ပညာမတတ်သော အမျိုးသမီး များထက် (၃) ဆ ပို၍ နိုင်ငံရေး ဆွေးနွေးပွဲများသို့ တက်ကြသည်။

(၄) အာရပ်နိုင်ငံများ၌ စာတိုက်မှ ရောက်လာသော စာများကို ဖတ်ပြနိုင်သော စာဖတ်တတ်သူ အမျိုးသမီးမှာ ယောက်ျား၏ အရိုက်အနှက်သိပ် မခံရချေ။

ပညာတတ်ခြင်း၏ အဓိပ္ပါယ်ကို သာမန်အဓိပ္ပါယ်ကောက် ကျောင်းသင်ပညာတတ်ခြင်းဟူသာ ယူထားပါသည်။ အခြေခံ အရေးအဖတ် အတွက်တတ်ရုံမျှ နှင့်ပင် အကျိုးရှိလှပါသည်။ ကျွန်တော် ချော်တော့ငေါ့သလို ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ပညာရေးမှာ အရေးကြီးလှသည်ဟူ၍ ပြောချင်လွန်းအားကြီးသဖြင့် ပညာတတ်တစ်ယောက်၏ တန်ဖိုးဟူသောခေါင်းစဉ်မှ နံဘေးသို့ လွဲချော်သွားသော်ခွင့်လွှတ်ပါ။

ပညာသင်ယူခြင်း (Learning) ၌ အောက်ပါအတိုင်း သုံးမျိုးသုံးစား ရှိသည်ဟု ဖတ်ဖူးပါသည်။

(၁) ပထမအမျိုးအစားမှာ သဘာဝအလျောက် ပညာသင်ယူသူများ ( natural of intuitive learners) ဖြစ်သည်။ ကလေးများဖြစ်သည် ငှက်ကလေး များကို သီချင်းဆိုရန် သင်ပေးဖို့မလို သလိုဘာသာစကားကိုလူကလေး များလွယ်လင့်တကူ တတ်ကြသည်။ အရာဝတ္ထုများကို အမျိုးအစားခွဲတတ်သည်။ လူကလေးများကား လွယ်လင့်တကူ ပင် အလုပ်ဖြစ်သော (ဝါ)လောကကြီး ၌ နေ၍ဖြစ်သော လောကဆိုင်ရာ လူဆိုင်ရာအမြင်များ တည်ဆောက်ကြသည်။ ခြုံ၍ပြောရလျှင် သာမန် အသိ (Common sense) တည်ဆောက်ကြသည်။ ထိုအသိ တည်ဆောင်မှုကိုခြယ်လှယ် လွှမ်းမိုးသောသြဇာ အာနိသင်များရှိသည်။ နဗ်ကြောဇီဝဗေဒ ဆိုင်ရာ သြဇာသက်ရောက်မှုများမှ (Neurobiological constraint) ရာစုနှစ်ပေါင်းများစွာ အဆင့်ဆင့်တိုးတက်မှုဖြစ်လာမှုဆိုင်ရာ သြဇာသက်ရောက်မှု( Developmental constraint) တို့ဖြစ်သည်။ ထိုသြဇာ သက်ရောက်မှုများမှာ အလွန်တရာအင်အားကြီးသည်။ ၎င်းအပြင် ပြယ် လွင့်ပယ်ဖျက် ဖို့လည်းခဲယဉ်းသည်။

(၂) ဒုတိယ အမျိုးအစားမှာ ကျောင်းနေ၍ ပညာသင်ယူသူများ (Traditional Student of Scholastic Learners) ဖြစ်သည်။ အသက်၆-၇ နှစ်မှ ၂၀ ကျော်ထိ ကျောင်းသားများ ဖြစ်သည်။ အရေးအဖတ် အတွက်မှစ၍ အယူအဆများ၊ ဘာသာရပ်တစ်ခုခု ၏အကြောင်းများ စည်းမျဉ်းများကို သင်ယူသူများဖြစ်သည်။ ထိုကျောင်းသားများကိုလည်း ခြယ်လှယ်နေသော သြဇာ သက်ရောက်မှုများလည်းရှိသည်။ ယင်းတို့မှာ သမိုင်းသြဇာ သက်ရောက်မှုများ (Institutional Constraints) ဖြစ်သည်။ စာသင်ကျောင်းများမှာ ယင်းတို့တည်ရှိရာ လူ့အဖွဲ့အစည်း တစ်ခု၏ ရည်မှန်းချက်များ ပေါက်မြောက်အောင် တစ် နည်း တစ်လမ်း အားဖြင့် ပြုလုပ်ပေးရသော နေရာများ ဖြစ်နေသည်။ အရေးအဖတ် အတွက်စသော သင်ယူရေး ကရိယာများ (Learning Tools) ရှိလာအောင်သင်ပေးခြင်းအပြင် ထိုထိုဂုဏ် ရည်များ စိတ်နေသဘောထား များ ရှိသော ပြည်သူပြည်သားများမွေးထုတ်ရန်လည်း ရည်ရွယ်သည်။ စာသင်ကျောင်း၌ ကျောင်းသားများ တကယ်သဘောပေါက် နားလည်ရန် (Understanding) အတွက် ပြုလုပ်ပေးဖို့ဟူသော ရည်ရွယ်ချက် ရှိချင်မှ ရှိသည်။ အဓိက ဦးစားပေး ဟုတ်ချင်မှ ဟုတ်သည်။

ပထမဘွဲ့ရထိ ကျောင်းသားအများစု မှာ အကယ်စင်စစ် နားလည်မှု (indepth Understanding) မရှိကြ။ ဆရာသင်ရုံ မျှမက လိုက်လံ ဖတ်ရှုလေ့လာကြသူ အနည်းအကျဉ်းသာ ပညာရပ်ကို နားလည်ကြသည်။ ပထမဘွဲ့ရသူ အများစုမှာ ခပ်ငယ်ငယ် လူကလေးဘဝက ထားရှိသော အယူအဆများပေါ်သို့ လမ်းချော်၍ ရောက်သွားတတ်ကြသည်။ သမားရိုးကျ ဘွဲ့ရသည် စဉ်းစားပုံ၌ လူကလေးနှုင့် မခြားနားလှချေ။

(၃) တတိယ အမျိုးအစားမှာဘာသာရပ်ဆိုင်ရာ၌ တတ်ကျွမ်းသူစပယ်ရှယ်လစ်(disciplinary expert of skilled person) ဖြစ်သည်။ ပထမဘွဲ့ရပြီးနောက် ဆက်လက် လေ့လာသူများ နှစ်ပေါင်းများစွာ ရှာမှီး ဆည်းပူးသူများ ဖြစ်သည်။ ထိုသူများအား ဘာသာရပ်တစ်ခုကို ပတ်ပတ်နပ်နပ်သိသူ အယူအဆများကို ဘဝင်ကျထားသူများဖြစ်သောကြောင့် သူ၏ဗဟုသုတကို အသုံးချနိုင်သူများဖြစ်သည်။ ထိုအမျိုးအစား၌ ကျောင်းပြဋ္ဌာန်း စာမေးပွဲဘောင်ကို ကျော်လွန်၍ ပညာရှာမှီး သူကျောင်းသားများကိုလည်းထည့်နိုင်သည်။ သူတို့ကမှ တကယ်နားလည် သူများဖြစ်သည်။ နားလည် ကျွမ်းကျင်သူတို့ကားအသိဥာဏ် ဗဟုသုတကို အသုံးချတတ်ရုံမက အသိဉာဏ် နယ်နိမိတ်ကိုလည်း ဆန့်ကျင်ထုတ်ကြသည်။ ပထမနှင့်ဒုတိယ အမျိုးအစား ပညာသင်ယူသူများကိုကား မခြယ်လှယ်နိုင်ကြတော့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ စပယ်ရှယ်လစ်များကား ထိုသြဇာများ၏ သက်ရောက်ခြယ်လှယ်မှုကို ကျော်လွှားနိုင်ရုံမျှသာ မဟုတ် အယူအဆ အတွေးအခေါ်များကို အသစ်ဖန်တီးမှုများသို့လည်းကောင်း မျှော်လင့်မထားသောတူရူ များသို့လည်းကောင်း ဆန့်ထုတ်နိုင်သည်။

ကလေးနှင့်ပညာတတ်

ကလေးနှင့် စပါယ်ရှယ်လစ်သည် သူတို့၏ နားလည်ကျွမ်းကျင်မှုကိုကောင်းစွာ အသုံးချတတ်သည့် အရာ၌တူကြသည် မတူသည်မှာ လူကလေး၏ နားလည်မှုသည် သဘာဝအလျောက်သာဖြစ်လျက် လောကကြီး၌ နေလို့ဖြစ်ရုံ မချင့်ချိန်နိုင်သော နားလည်မှုသာဖြစ်သည်။ ဘာသာရပ်ကျွမ်းကျင်သူ၏ နားလည်မှုကတော့သံမဏိရှည်လှသော အသိများ လက်ခံထားပြီးသော အမြော်အမြင်များကိုပင် ဆန့်ကျင်ကျော်လွန်နိုင်လျက် ကမ္ဘာကြီးကပြားနေတာမဟုတ် ကမ္ဘာကြီးလုံးသည်ဟုပြောကာ သက်သေထုတ်တတ်သော နားလည်မှုမျိုးဖြစ်သည်။

ဘာသာရပ် ကျွမ်းကျင်သူတို့၏ နားလည်မှုမျိုးကို ကျွန်တော်တို့လိုအပ်ပါသည်။ ယင်းနားလည်မှုမျိုးကသာ လူသား၏ အသိဉာဏ်ဆိုင်ရာ အရေးကြီးသောအထမြောက် မှုများကို ဖြစ်စေနိုင်ပါသည်။ လူသိသလိုသိလျက် ယခုဟူသော အချိန်၌ နေတတ်လျက် လူရင့်မကြီး ဖြစ်ရန်မှာ ထိုသို့သော နားလည်မှုများအပေါ် ၌သာ တည်ဆောက်နိုင် သည်ဟု စိတ်ပညာ ဆရာဟောင်း ဝဒ်ဂါဒနာက ဆိုပါသည်။ ငါးနှစ်ကလေးက အရာများစွာကို သိပါသည်။ သို့သော်ကျွမ်းကျင်စွာ် သူတို့သိသော ရာစုနှစ်ပေါင်းများစွာက ရှာမှီးထားသော ဉာဏ်အမြော်အမြင်မျိုးကိုမသိ ကမ္ဘာကြီးဟာပြားတယ်ဟု ဆက်လက်ယုံကြည်နေလျှင် အချိန်၊ နာရီ၊ ခရီး၊ ရာသီ၊ အရာဝတ္ထု တို့၏သဘောသဘာဝ များကိုမှန်မှန်ကန်ကန် ကျွန်တော်တို့ မသိနိုင်။ ဆိုလိုရင်းမှာ လူ့သာမန်သိစိတ်သော်လည်းကောင်း လူကလေး၏ နားလည်မှုနှုင့် ကျောင်းမှ သာမာန် စာသင်သား၏ နားလည်မှုသော်လည်းကောင်း ပြည်စုံသော အသိများမဟုတ်။

ပညာတတ်တစ်ယောက် တန်ဘိုးဟူသည် အထက်ပါ ဟောင်းဝဒ်ဂါဒနာ၏ အဆိုအတိုင်း ပညာတတ်တစ်ယောက် ၌ရှိမြဲဖြစ်သော သာမန်အသိ အားကျော်နိုင်ခြင်း ကိုသာသူ၏ တကယ့်တန်ဘိုးဟူ၍ သဘောရပါသည်။

ယခုအခါ သာမန်အသိ ကိုသာအားကိုးအားထား ပြုသူများကို များများစားစား တွေ့နေရပါသည်. သူတို့ကပညာတတ်ခြင်းကို (ဝါ) ပညာတတ်၏တန်ဘိုးကို မသိသာမာန်အသိနင့်များဆိုလျှင် ကမ္ဘာကြီးဟာ ပြားနေမှာဘဲ လေထက်လေးသော လေယာဉ်ပျံတွေ လေထဲ၌ ပျံနိုင်တော့မည်မဟုတ်ပါ။ သစ်ပင်များခုတ်ခြင်းနှင့် မြစ်များကေားခြင်းကိုလည်း မဆက်မစပ်တတ်၊ ဒါလည်းဖြစ်နေမှာပါဘဲ။ သူလည်းနိုင် ကိုယ်လည်းနိုင်( win win) ဒီသဘော မျိုးရှိနေငြားသော်လည်း ဒါလည်းမစဉ်းစားတတ်ဖြစ်နေမှာဘဲ။

ပညာတတ်ဆိုတာဘာလဲဟူသော အနက်ကောက်၌ ပညာတတ်ဟူသည် မည်သို့ပညာသင်ယူရမည်ကို သင်ယူတတ်မြောက်ပြီးသူ၊ (An educated person is one who has learnt how to learn) ဟူသောအနက်ကောက် ရှိပါသည်။ ထိုအဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကျောင်းမနေရသော်လည်းကျောင်း ပြင်ပ ပညာရေး (informal education) နှင့် အကယ်တတ်မြောက်လာသူကိုလည်း ပညာတတ်များတွင် ထည့်နိုင်သည်။ ပညာသင်ယူခြင်းဆိုင်ရာ ဒီလော့စနစ် (The Delors grid of learning) ဟူ၍လည်းရှိရာ ပညာတတ်ဟူ၍ အထူးပြုခေါ်ဝေါ်ချက်၌ ထိုဒီလော့၏ အချက်အားလုံး သင်ယူပြီးသူများသာ အကြုံးဝင်သင့်သလား စဉ်းစားကြည့်မိပါသည်။ ဒီလော့ဂရစ် မှာအောက်ပါအတိုင်းဖြစ်ပါသည်။

(၁) သိရန်ပညာသင်ခြင်း - အရေးအဖတ် အတွက်နှင့် ပြောဆိုတတ်ခြင်း စသည့်အခြေခံ သင်ယူရေး ကရိယာများ ရရှိစေရမည်။

(၂) ပြုလုပ်နိုင်ရန်ပညာသင်ခြင်း- ဘဝရပ်တည်ရန်သော်လည်းကောင်းအလုပ်အကိုင် လုပ်ရန်သော်လည်းကောင်း လိုအပ်သော အရည်အချင်း များရရှိစေမည်။

(၃) လူ့အသိုက်အဝန်း အတွင်းနေထိုင်ရန် ပညာသင်ခြင်း- မိသားစု၊ အသိုက်အဝန်း အတွက်ဆက်ဆံရေးပဋိပက္ခများ ပြေလည်ဖြေရှင်းသွားစေရန်နှင့် အခြားသူများအား သည်းညည်းခံတတ်ရန် သင်ယူခြင်း။

(၄) တစ်စုံတစ်ယောက် ဖြစ်လာရန်သင်ယူခြင်း - အနုပညာအရည်အသွေး နှင့်ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် သင်ခြင်းဝေဘန္တိက ပြုရန်ကိုယ်ပိုင် အတွေးအခေါ် ရှိလာရန် သင်ယူခြင်း။

(၅) အခြားသူများကိုသော်လည်းကောင်း မိမိကိုယ်ကို သော်လည်းကောင်း ပြောင်းလဲပစ်နိုင်အောင် သင်ယူခြင်း- ပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အလေးဂရုပြုတတ်ခြင်း လူမှုရေး တည်ကြည် မြဲမြံ ခြင်းကိုရိုသေတတ်ခြင်း လိင်ကြောင့် အဆင့်အတန်းခွဲခြားခြင်း စသော ဖွံဖြိုးမှုဆိုင်ရာ အကြောင်းအရာများအား သင်ယူခြင်း။

The Delores grid of learning consists of four pillars:

 Learning to know . which covers basic tools such as literacy and oral expression:

 Learning to do. Which covers competence to deal with life work;

 Learning to live together , which covers personal relations within the families and community , including conflict resolutions and tolerance towards others:

 Learning to be, which covers development of artistic , personality and critical and autonomous thinking:

 To these four pillars a fifth could be added: learning to transform others and self which adds developmental component covering respect for the environment, respect for social solidarity and respect for a nondiscriminatory, gender- sensitive world.

ပညာတတ်တို့ သံသယထားတတ်ခြင်း (တွေဝေခြင်း) ဟူသည်၌လည်း ယင်းသဘောကြောင့် အလုပ်မဖြစ်မဟုတ်ပါ။

သိပ္ပံပညာတတ် သုတေသနသမား တစ်ယောက်သည်သူတွေ့နိုင်မည်ဟုယုံကြည်သော အဖြေတစ်ခု အတွက် နှစ်ပေါင်းများစွာဆင်းရဲပင်ပန်းစွာ စမ်းသပ်လုပ်ကိုင်ဆဲမှာပင် သူ့ဦးနှောက်တစ်နေရာ၌ အဲ့ဒါမှဟုတ်ပါမလားဟု သံသယလေးထားပါသည်။ ထို့ကြောင့် ထိုသိပ္ပံသမားသည် မြစ်ကိုတွေ့မည်ဟု ထင်ခဲ့သော်လည်း ချောင်းကိုသာ တွေ့သောအခါ အင်း ... ဒါဟာ ချောင်းကလေးကိုးဟု ချောင်းဟာ ချောင်းပါဘဲ ဟုလက်ခံနိုင်ပါသည်။ အခြားသူများကတော့ ချောင်းဗျဟု ပြောသောအခါလည်း ထိုဝေဖန်မှုကို လက်ခံနိုင်ပါသည်။ ဒိဋ္ဌ ဓမ္မ လက်ခံနိုင် (ဝါ) မျက်စိမှိတ်ခြင်း ငါတကော မကောတော့ပါ။            ။