မီးတောက်ရစ်သမ်
(၁)
အခုလို…
လှပအေးစက်နေတဲ့ ညမှာပဲ
ငါ….ပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောလိုက်ကြတယ်။
'ချစ်ခြင်းမေတ္တာ'…..ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ…
မီးခိုးလုံးများဖြစ်သွားရော့မလား….လို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကိုပြုစားဖို့
ဘယ် နတ်ဘုရားထံမှာ
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလား…..
ငါ့ရာဇဝင် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်
သံယောဇဉ် ဆိုတာ
အရောဝင်လို့မကောင်းတဲ့ခွေးကလေးပါပဲ…..
လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို စီးမိုးထားတယ်။
စက်ရုပ်ကိုဒူးထောက်ကျစေတဲ့
နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ
ငါ ဘယ်လိုမှမေ့မရတဲ့
မဟာလင်္ကာ တစ်ပိုင်းတစ်စ ရှိနေလေရဲ့။
အဲဒီလိုနဲ့ပဲ
ငါပြန်လည် ချည်နှောင်ခဲ့ပါမယ်
ချစ်သောဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ စစ်ဝင်္ကပါမှာ ငါ….မတိုက်ရဲဘူး)
ညံ့တယ်လို့ဘဲ
လက်ညှိုးထိုးပြီးပြောလိုက်ပါတော့။
လျှပ်စစ်မျှင်တန်းလို...
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ...
ခု...ရထားတို့ ဥသြဆွဲလိုက်ကြပီ...
"...ပြီးဆုံးသွားပါပြီ...
...အားလုံး ပြီးဆုံးသွားပါပြီ..." တဲ့။
(၂)
အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။
ကျောင်းတော်ရဲ့စည်းအပြင်
နှောင်းရိ်ပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်းခေါင်းစဉ်များစွာပါပဲ။
ထိပ်ထားရယ်….
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။
ငါကဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့ တို်က်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့..
ဒါပေမဲ့
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
'သစ္စာ' ကိုပဲ့တင်သံနဲ့ပဲပြန်ပေးနိုင်ခဲ့သူ..။
ငါ့ကိုသတ်…ငါ့ရင်ဘတ်ကိုထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲရှိလိမ့်မယ်…။
၀ိုင်ယာကြိုးတွေ
'ထောင်း' ခနဲ မီးပွင့်ပြတ်တောက်သွားပြီး
ရုတ်ချည်းမှောင်အတိကျသွားတဲ့
'အန္ဓ' တို့ရဲ့အိမ်အိုမှာ
တေလေပီသစွာ…ငါနေတယ်…။
တိတ်ဆိတ်…ပြာလဲ့နေတဲ့ည..
ရေတွင်းထဲ ခေါင်းငုံ့ပြီး..
'….' ကို ချစ်တယ်..လို့
ဘယ်ဆီဘယ်ဝယ်..ဟစ်အော်တမ်းတရတာ..
ဘာကြောင့်ပါလဲ…။
'အုံ့ပုန်းချစ်' သီချင်းကို
မဆိုချင်ဘဲဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ..လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့..
မိုးကိုဆန့်မြှောက်ထားတဲ့
မမှီနိုင်သော ကမ်းလက်တွေဟာ
ဟိုး………..တုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေစွန်းထင်လျက်ပါပဲလေ…။
(၃)
'လူ' ဆိုတာ..
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို ပိုသတိရတတ်တယ်…။
ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့ သချင်္ုိင်းဂူမှာ …
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့..အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။
ဟိုး..ငယ်ငယ်..ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သချင်္ာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။
ငါ … သတ္တိကောင်းကင်မှာ….နီလွင်ထစ်ချုန်း
တစ်..နှစ်..သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ….
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း ' အဓိပတိဘွား ' ဖြစ်ချင်ခဲ့တာကိုး….
အိမ်အပြန်ညများစွာမှာ
ဘယ်သူမှမပြောချင်တဲ့စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကို ' လူမိုက် ' လို့ပြန်ခေါ်ခဲ့ရတယ်…
၁၉၉၃..၁၉၉၄..
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…
နှင်းမြှားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ………
ပိတောက်ပိုင်းဖျားမှာ……၀ပ်တွားစုရုံး
ငါ့ကိုချည်ထုံးခဲ့တာ…….
ခု…………အချိန်တိုင်အောင်
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။
(၄)
မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးသမျှ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။
ဘာဘဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…….ကြေငြာချက်ကတော့
နင့်ကိုထာဝရချစ်နေမယ် ဆိုတာပါပဲ..။
ထိပ်ထားရယ်..
ဖြစ်နိုင်မယ်ဆိုရင်
ဂန္တဝင် ပန်းပုရုပ်မှာ..
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်..။
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
၀င်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။
ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ..
လမင်းကလေးသာခဲ့ဖူးတယ်..။
ချစ်သောကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္ထိ
မြရာပင်ကြီးသိပါတယ်။
ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေဝါး
ပညာရှင်ကြီးများရယ်..
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။
'ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်..
ရာစုတစ်ထောင်မှာနေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း…'
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်ထပြန်သွားတယ်..။
ချို့တဲ့သော ကျောင်းသားဘ၀
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာ
သြော်…ငါ့ကိုလေ
နားလည်ပါ…နားလည်ပါ..
နားလည်စမ်းပါ..။
(၅)
အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကိုပြင်လို့ ' သ ' လို့နေခဲ့ပေါ့။
ဘာဘဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲံ
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ..
သံမှုန်တွေကပ်ပါနေရဲ့
ငါ………..ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောကတောက်လျှောက်
' ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ် ' တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်..။
' မင်းကကော ဘာလဲ ' လို့
အနန္တတွေ က ၀ိုင်းမေးတော့
၁..၂..၃..၄..၅
ငါ အကုန်စဉ်းစားတယ်
၆..၇..၈..၉..၀..
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး..။
သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဝိဉာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…………..ငါ
ဂစ်တာတီးနေမယ်….။
ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘဝက ဓါးနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ်။
ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမားဖြစ်ချင်တယ်
နင်….ဘုရင်မ……လာမလုပ်ရဘူးနော်။
တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…..
ရွာဇနပုဒ်နဲ ့ မိုးရေထဲ
ငါ……..တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…..။
ငါကလည်းခက်တယ်..
ကဗျာတစ်ပုဒ်နဲ့
နေမဝင်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ……….ငြင်းတယ်…။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံ့ကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကိုအမျှဝေရင်း
ကာလများစွာ……..ကြာပြီကောလေ။
(၆)
တောင်ညိုမှာပျိုတဲ့မိုးတွေ
နင့်မျက်လုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။
ဟေး………ငါပြောမယ်
…….အက်ဆစ်တိမ်ခိုး………တို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့တစ်စက်စက်ရွာပါ…….။
' မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါဘဲ '
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေလိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်။
သက်ပြင်းဝေဝေ
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ……..ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ ' လ ' ပဲ ဖြစ်တယ်။
အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်း ညနေအိုက…
မြေကိုရှိခိုး..
မြူအိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘဝရဲ့
ညရိပ်တို့မှုန်ဝေဝမ်းနည်းခဲ့ရတယ်။
အခင်ဆုံးမဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…..မရောက်ရောက်အောင်သွားမယ်..။
ပြီးတော့
ခရိုးခရိုင် လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းပြောရင်း
ကိုယ့်ကိုယ်ကို ပြန်လည်ဖန်ဆင်းပစ်မယ် ……….ကွယ်။
အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရံ
ပြန်မလာသူတို့
သိကြဖို့ကောင်းတယ်….။
လေညင်းကလေးရေ
ငါချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ…။
လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦးနော်..။
(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်ကရွာချတဲ့
ငါ့အတွက်……..အညတရမိုး..ရေ
နေပါစေတော့….။
အဲဒီညဟာ
တစ်ခြမ်းပဲ့ ' လ ' က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလဲမီ ' ည ' ဖြစ်တယ်။
မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကိုနမ်းမရသလိုမျိုး
နေနဲ့လက….
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်ကြသလိုမျိုး
ရိုးသားစွာ ..တို့ ဝေးလိုက်ကြပါစို့။
ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကိုလက်ဖြန့်မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု……ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။
တေလေဘဝရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇဝင်ထဲမှာ ခရီးဆက်ရဦးမယ်။
ထိပ်ထားရေ……….
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင် ထာဝစဉ် ချမ်းမြေ့စေသား..
ကောင်းသောမိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်ပါစေ..
ငါ…ဆုတောင်းပေးနေမယ်..။
ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေ ဆိုရင်း
မင်း…….ငါ့ကို……..မေ့သွားမှာပါ။
ခုတော့….သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
' ဘ၀ ' ဆိုတဲ့ မာယာနိုင်ငံအိုက…
စောင့်ကြိုလို့နေရော့မယ်..
သာမညလမ်းခွဲမှာ..
၀မ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ…အောင်မြင်ပါစေ……..
ထိပ်ထားရေ……………။
တာရာမင်းဝေ