ELeven Media Group ရဲ့ မုံရွာအခြေစိုက်သတင်းထောက်ကိုစိုးမိုးထွန်း အသတ်ခံရခြင်းအား အမှုမှန်ပေါ်ပေါက်စေရန်နှင့် ကောင်းရာသုဂတိလားစေဖို့ ဆီမီးထွန်းဝတ်ပြုဆုတောင်းပွဲကို မုံရွာမြို့ရွှေစည်းခုံဘုရား၌် ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့ပါတယ်။
ဝတ်ပြုဆုတောင်းပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ငါးဦ်းနှင့် ဒေသခံသတင်းထောက်များ၊ ကိုစိုးမိုးထွန်းအားချစ်ခင်လေးစားသူများနှင့် တရားဥပဒေစိုးမိုးရေးလိုလားသူးများ တက်ရောက်ခဲ့ကြပါတယ်။
မုံရွာဂေဇက်သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုသက်က "ကျွန်တော်တို့ကတော့ အမှုမှန် မြန်မြန်ဖော်ထုတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်၊ အမှုကအခုဆို တစ်ပတ်ကျော်ဆယ်ရက်လောက်ရှိသွားပြီဆိုတော့ ကျွန်တော်တို့က ဒီအမှုကြီးကို ပေါ့ပေါ့တန်တန်နဲ့ ပြီးဆုံးသွားမှာကိုအရမ်းစိုးရိမ်တယ်" ဟု ပြောပါတယ်။
ဆုတောင်းပွဲတက်ရောက်လာကြသူများက ဘုရားတွင်ဆီမီးထွန်းညှိပူဇော်ပြီး ဘုရားရှိခိုးကာ ကိုစိုးမိုးထွန်းအား အမျှပေးဝေပြီး အမှုမှန်ပေါ်ပေါက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။
Eleven Media Group မှ သတင်းထောက် ကိုဋ္ဌေးလှအောင်က " လက်ရှိအချိန်မှာ ဒီလိုလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတော့ နယ်မြေခံသတင်းသမားတွေ ပိုပြီးခံစားရပါတယ်၊ သူတို့အပြင် နိုင်ငံတွင်းမှာရှိတဲ့ သတင်းဋ္ဌာနအားလုံးရဲ့ သတင်းထောက်တွေက စိုးရမ်မှုတွေပိုပြီးတော့ မြင့်လာပါတယ်" ဟု ပြောပါတယ်။
ကိုစိုးမိုးထွန်းသေဆုံးနေတာကို မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၂ နာရီခွဲ ဝန်းကျင်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကိုစိုးမိုးထွန်းအသတ်ခံရမှုနဲ့ပတ်သတ်ပြီး သံသယရှိသူတွေထဲက ကေတီဗီဆိုင်ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးပြီး မုံရွာမြို့မရဲစခန်းမှာ ချုပ်ရက်ရမန်ယူပြီး စစ်ဆေးလျှက်ရှိပါတယ်။
ကိုစိုးမိုးထွန်း အသတ်ခံရမှုကို အမြန်ဆုံးအမှုမှန်ဖော်ထုတ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ညွှန်ကြားထားပြီး တိုင်းဒေသကြီး၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတာဖြစ်ပါတယ်

No comments:
Post a Comment